မန်ချက်စတာ ယူနိက်တက်ကိုရွေးဖြစ်ခဲ့တာကို နောင်တမရဘူးလို့ ဆိုတဲ့ ဆန်းချက်

မန်ယူနိက်တက်ကိုပြောင်းဖြစ်ခဲ့တာကို နောင်တမရဘူးဆိုတဲ့ဆန်းချက်

“မန်ချက်စတာ ယူနိုက်တက်ကို ရွေးဖြစ်ခဲ့တဲ့အတွက် ကျွန်တော် အရမ်း ပျော်ရွှင်ခဲ့ပါတယ်။ ဒီစကားကို အမြဲတမ်း ကျွန်တော် မပြောင်းမလဲ ပြောနေပါ့မယ်။ ယူနိုက်တက်ဟာ အင်္ဂလန်ရဲ့ အောင်မြင်မှု အကြီးဆုံး ကလပ်အသင်း ဖြစ်ပါတယ်။

အာဆင်နယ်မှာတုန်းက တကယ့်ကို ထူးကဲတဲ့ အခြေအနေတွေ ဖြတ်သန်းခဲ့ဖူးတယ်။ အဲဒီမှာ ကျွန်တော် ပျော်ပါတယ်။ ဒါပေမဲ့ အဲဒီကာလတွေမှာပဲ ယူနိုက်တက်ဟာ အများကြီး တိုးတက်လာတယ်။ သူတို့တွေ ကစားသမားသစ်တွေ ဝယ်တယ်။ အောင်မြင်မှုတွေလည်း ရနေခဲ့တယ်။

ဒါကြောင့်လည်း ကျွန်တော် သူတို့နဲ့ ပူးပေါင်းပြီး အောင်မြင်မှု မှန်သမျှ သိမ်းကြုံးယူနိုင်ဖို့ မျှော်မှန်းခဲ့တာပေါ့။ ယူနိုက်တက်ကို ရွေးချယ်ခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး”

အလက်ဆစ်ဆန်းချက်ဇ်
[BBCနဲ့ အင်တာဗျူးမှာ သူပြောသွားတဲ့ စကားပါ]

သူ့အပေါ် ယူနိုက်တက် ပရိသတ်တွေက အများကြီး မျှော်လင့်ထားခဲ့ပေမယ့် ဒီချီလီသားဟာ အိုးလ်ထရက်ဖို့ဒ်မှာ အံ့ဩစရာ ကောင်းလောက်အောင် ရုန်းကန်ခဲ့ရပါတယ်။ ၄၅ ပွဲ ကစားပြီး ၅ ဂိုးပဲ သွင်းနိုင်ခဲ့တယ် ဆိုတာက ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်ရဲ့ စွမ်းဆောင်ရည်မျိုးတော့ မဟုတ်ခဲ့ပါဘူး။ အခုတော့ သူဟာ အင်တာမီလန်ကို တစ်ရာသီ အငှားနဲ့ ရောက်ရှိနေပါပြီ။

ယူနိုက်တက်မှာ နေပျော်ခဲ့ပေမယ့် သူ့အတွက် ပွဲကစားချိန် များများ လိုအပ်တာကြောင့် အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဆန်းချက်ဇ်က ပြောပါသေးတယ်။ သူရှိနေတဲ့ အချိန် ယူနိုက်တက်ဟာ ပြိုင်ပွဲအဆင့် ၇၇ ပွဲ ကစားခဲ့ပြီး ဆန်းချက်ဇ်က ၃၁ ပွဲသာ ပွဲထွက်ခွင့် ရခဲ့တာပါ။ ဆန်းချက်ဇ် အနေနဲ့ အင်တာမှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်လည် တည်ဆောက်ပြီး အိုးလ်ထရက်ဖို့ဒ်ကို တကျော့ပြန်လာနိုင်မလား ဆိုတာကိုတော့ အခု ဘောလုံးရာသီ တစ်ခုလုံးမှာ မျှော်လင့်ချက် ကြီးကြီးထားရင် ကျွန်တော်တို့တွေ စောင့်ကြည့်ကြရုံပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *