တစ်ယောက်တည်းဆီက ငါးယောက်စာ တောင်း၍ မရနိုင်ပါ

ခဏလောက် စဉ်းစားကြည့်ကြပါဦး …

ပွဲစဉ်တစ်ပွဲမှာ ဗန်ဒိုက် ထက်ပိုပြီး ဖြတ်ထုတ်မှု အရေအတွက် များတဲ့သူ၊ မာနေး ထက် ဖြတ်ကျော်မှု ပိုကောင်းသူ၊ ဖာနန်ဒင်ဟို ထက် ဘောလုံးပိုင်ဆိုင်မှု ပိုများတဲ့သူ၊ ဟယ်ရီကိန်း ထက် ခေါင်းတိုက်ခွင့် ပိုရတဲ့သူ၊ ဆာနေး ထက် အခွင့်အရေး ပိုဖန်တီးပေးနိုင်တဲ့သူ၊ ကန်တေ ထက် ဘောလုံးယှဉ်လုမှုမှာ အနိုင်ရတဲ့သူ … ဒီလို စွယ်စုံပိုင်နိုင်နေတဲ့ ကစားသမားမျိုး ရှိနိုင်မလား ခင်ဗျားတို့ တစ်ချက်လောက် တွေးကြည့်စမ်းပါ။

ကစားသမားတစ်ယောက်ဆီက ဒီလောက်ကြီး မျှော်မှန်းထားလို့ ဖြစ်နိုင်ရဲ့လား … ချွင်းချက်အနေနဲ့ ဖီဖာဘောလုံးဂိမ်းထဲမှာတော့ ရှိချင်ရှိမှာပေါ့။ ဒါပေမယ့် အဲ့ဒီ အရည်အချင်းအားလုံး ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက် ယူနိုက်တက်မှာ တကယ်ရှိပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေဟာ ကစားသမားတစ်ယောက်ရဲ့ ကောင်းခြင်း၊ မကောင်းခြင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ အချက်အလက်တွေပါလို့ ပြောရင် ပေါ့ဘာ ရဲ့ အစွမ်းအစဟာ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ စံပေတံရဲ့ အလွန်မှာ ရှိနေတယ်လို့ ပြောရပါလိမ့်မယ်။

ပဲလေ့စ်ကို ၂-၁ နဲ့ ရှုံးခဲ့တဲ့ ပွဲမတိုင်ခင် ပေါ့ဘာ အခြေအနေနဲ့ ပတ်သက်လို့ ဆိုးရှားလ် က ဒီလို ပြောတယ် “ကျွန်တော့်မှာ ဘာစိတ်ညစ်စရာမှ မရှိပါဘူး။ သူ့ဆီက အများကြီး မျှော်လင့်ထားတာ မှန်ပေမယ့် ကစားသမားတစ်ယောက်ကို တစ်ပြိုင်နက်တည်းမှာ ရွိုင်ကိန်း၊ ဗာရွန်၊ စခိုးလ်၊ ဂစ်၊ ကန်တိုနာ ဖြစ်ခိုင်းလို့ မရပါဘူး။ ခက်ခဲနေတဲ့ အခြေအနေဆိုပေမယ့် ပေါ့ဘာဟာ ထိပ်တန်းအဆင့်ရဲ့ ထိပ်တန်းမှာ ရှိနေသူတစ်ယောက်ပါ” တဲ့။

အဲ့ဒီစနေနေ့ည ပွဲစဉ်မှာလည်း ကျွန်တော်တို့တွေ ပေါ့ဘာ ကို နှစ်မျိုးနှစ်စား မြင်ခဲ့ရတယ်။ ပြောရရင် သူဟာ နာကျင်အချိန်ပိုအတွင်း ကွင်းလည်မှာ မလိုအပ်ဘဲ ဘောလုံးပျက်စေခဲ့တယ်။ အဲ့ဒီ ပျက်သွားတဲ့ အလုံးကြောင့်ပဲ ဗန်အန်းဟို့တ် က အနိုင်ဂိုးသွင်းသွားတာ မဟုတ်လား။ ဒါပေမယ့် ဆက်ပြောရရင် အဲ့ဒီမတိုင်ခင် မိနစ်တွေတုန်းက ပေါ့ဘာ ဟာ ဇာဟာ ဆီက ဘောလုံးကို အကောင်းဆုံး ဟန့်တားဖြတ်ယူခဲ့ပြီး တိုက်စစ်ဆီကို quick pass တစ်လုံး ထောက်ပံ့ပေးခဲ့တယ်။ အဲ့ဒီအလုံးဆိုရင် ပဲလေ့စ် ရဲ့ ခံစစ်တန်းကို အတော်လေး ပျာယာခတ်စေခဲ့တာပါ။

ပွဲပြီးချိန်မှာလည်း ဆိုးရှားလ် က “ကျွန်တော် တွေးမိတာကတော့ ပေါ့ဘာ ဟာ တစ်ခြားအသင်းဖော်တွေလိုပဲ ကွင်းထဲမှာ ရင့်ကျက်လာရသူ တစ်ယောက်ပါ။ ကျွန်တော်တို့တွေ ချေပဂိုးရခဲ့တုန်းက သူ ဘောလုံးဖြတ်ယူသွားတဲ့ပုံ အတော်လေး ကောင်းတယ်။ ကောင်းမွန်တဲ့ ပေးပို့မှုတွေလည်း လုပ်ပေးနိုင်ခဲ့တယ်။ သူ့အနေနဲ့ တစ်ချိန်လုံး ဘောလုံးလိုချင်နေမှန်း ကျွန်တော်တို့ အားလုံး သိပြီးသားပါ။ ဒါကို သူကိုယ်တိုင်လည်း သိတယ်။ နောက်ပြီး သူ့ဆီကနေ ဘောလုံးပျက်သွားနိုင်တာပဲလေ။ နောက်လည်း ပျက်နေဦးမှာပဲ။ ဒါပေမယ့် သူကတော့ ဆက်ကြိုးစားနေဦးမှာပါ။ အဲ့တော့ ဒီကိစ္စက ပြဿနာကြီးတစ်ရပ် မဟုတ်ပါဘူး” လို့ ဖြေသွားတယ်။

အပေါ်မှာ ပြောခဲ့တဲ့ ဥပမာနှစ်ချက်အရ ပေါ့ဘာ ဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံကနေ အဆိုးဆုံး ပုံစံဆီ အချိန် ခဏလေးအတွင်း ကူးပြောင်းသွားတာ တွေ့ရတယ်။ ဒါပေမယ့် ဆိုးရှားလ် ပြောခဲ့သလိုပေါ့။ သူ့ရဲ့ အဆိုးဘက်ခြမ်းဟာ အကောင်းတွေ ဖြစ်လာဖို့ပါပဲ။ ပဲလေ့စ်နဲ့ ပွဲကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင် ပေါ့ဘာ အနေနဲ့ နည်းစနစ်ပိုင်းအရ ကစားကွက်အကျပ်တွေထဲ လှုပ်ရှားခဲ့ရတာ တွေ့ရလိမ့်မယ်။ ဒီအချက်ဟာ သူ လုပ်ခဲ့တဲ့အမှားတွေနဲ့ သက်ဆိုင်နေပါတယ်။

အခုပြောနေတာဟာ ပေါ့ဘာ ကို တစ်ဖက်သတ် ကာကွယ်နေတာ မဟုတ်ဘူး။ သူ့အနေနဲ့ perfect pass တစ်ကြိမ် ပေးပို့နိုင်ဖို့ ဘောလုံး အကြာကြီး ကိုင်ထားစရာ မလိုသလို ဘန်တီကီ ရဲ့ ဖျက်ထုတ်မှု ကို သိသိကြီးနဲ့ စောင့်နေတာမျိုးတွေကလည်း မလုပ်သင့်ပါဘူး။ ဧပြီလတုန်းက ရွိုင်ကိန်း ဝေဖန်ခဲ့သလိုပေါ့ ”ပေါ့ဘာ ဟာ သူ့ဆီက ဘောလုံးပျက်သွားချိန်မှာ ဘာကြောင့် ခံစစ်ဆီ ပြန်မပြေးရသလဲ။ သူဟာ ပြဿနာတစ်ရပ် ဖြစ်တယ်။ ကိုယ့်အသင်း ခံစစ်ပြင်နေချိန်မှာ ခင်ဗျားဆိုရင်လည်း နောက်တန်းဆင်းပြေးပေးရမှာပဲ မဟုတ်လား” တဲ့။

အဲ့ဒီဖြစ်ရပ်ကို ပြန်ကြည့်ရရင် … ပေါ့ဘာ ဘောလုံးပျက်သွားချိန်က ယူနိုက်တက် ခံစစ်စည်းမှာ ကစားသမား ခြောက်ယောက်အထိ ရှိနေခဲ့တယ်။ ပြီးတော့ ဒဟေးယား ဟာလည်း သူနေရာယူထားတဲ့ ဘက်ဆီ တည့်တည့်လာတဲ့ ဘောလုံးကို ဂိုးအဖြစ် ခွင့်မပြုလိုက်သင့်ဘူး မဟုတ်လား။

ပဲလေ့စ် ရဲ့ ရှေ့တန်းတိုက်စစ်တွေ ဖြစ်တဲ့ ဂျော်ဒန်အယူး၊ ၇၅ မိနစ်မှာ လူစားဝင်လာတဲ့ ဘန်တီကီ တို့ဟာ ပေါ့ဘာ ကို နောက်အထိ ဆင်းပြီး ဘောလုံးယူမရအောင်၊ ဘောလုံးကိုင်ခွင့်မရအောင် ကြိုးစားခဲ့ကြတယ်။ ဒါကြောင့်ပဲ သူ့အနေနဲ့ high block တက်ကစားဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပြီး အဲဒီနေရာကပဲ ဘောလုံးဖြန့်ဖို့ ကြိုးစားခဲ့တယ်။ ပဲလေ့စ် ရဲ့ ဧရိယာထိပ်နဲ့ နီးလာလေ ပေးပို့မှု လွဲချော်နိုင်ခြေများလာလေ ဖြစ်တာကြောင့် ပေါ့ဘာအနေနဲ့ killer pass တွေ ဖန်တီးဖို့ အတော်လေး ခက်ခဲခဲ့တယ်။
ပွဲချိန် ၄၇ မိနစ်တုန်းက အက်ရှ်လေယန်း ဆီ ပေးပို့ခဲ့တဲ့ cross-field pass ဟာ တိကျသေသပ် လွန်းခဲ့ပေမယ့် ဒန်နီရယ်ဂျိမ်းစ် ရဲ့ အဆုံးသတ်ကန်ချက်ကတော့ နောက်ခံလူနဲ့ထိပြီး ထွက်သွားရတယ်။ နောက်ပြီး ဂျိမ်းစ် ဂိုးသွင်းခဲ့တဲ့ ဖြစ်စဉ်ကို ထပ်ကြည့်ပါ။ အဲဒီ ပေးပို့မှုရဲ့ အစဟာ ပေါ့ဘာ ဆီက ဖြစ်ပြီး သူ့အနေနဲ့ ဇာဟာ ဆီကနေ အကောင်းမွန်ဆုံး ဖြတ်ယူပြီး မာရှယ် ဆီ ပေးပို့ခဲ့တာ ဖြစ်တယ်။ အဲ့ဒီမတိုင်ခင် စက္ကန့်ပိုင်းလောက်ကလဲ ကျပ်ညပ်နေတဲ့ ပဲလေ့စ် ခံစစ်တန်းကြားကနေ တစ်လုံး ခင်းပေးခဲ့သေးပေမယ့် ဇာဟာ က ဟန့်တား သွားခဲ့တာပါ။

တစ်ခါတလေကျတော့လည်း ပေါ့ဘာ က ကောင်းပြီး အသင်းဖော်တွေက လွဲချော်နေတာမျိုးလည်း ရှိပြန်တယ်။ ဥပမာ ပွဲချိန် မိနစ် ၅၀ လောက်က ပေါ့ဘာ တင်ပေးလိုက်တဲ့ အလုံးကို ရှေ့က လင်ဂတ် တစ်ယောက် ချော်ထိန်းခဲ့သလိုမျိုးပေါ့။ နောက်ပြီး မာရှယ်ဟာလည်း ပေါ့ဘာရဲ့ အရိပ်အခြေကို အလွဲလွဲအမှားမှား သုံးသပ်ပြီး နေရာမှား ယူတာတွေ၊ လမ်းကြောင်းမှားပြေးတာတွေ ရှိခဲ့တယ်။ ဒီအမှားတွေက လွဲလို့ ကျန်တဲ့အချိန်တွေမှာတော့ တိုက်စစ်သုံးယောက်စလုံး ကောင်းခဲ့တယ်လို့ပဲ ပြောရမှာပါ။

တစ်သင်းလုံး ခြုံပြီးပြောရရင် အချိတ်အဆက် မိခဲ့တယ်။ ပင်နယ်တီစည်းထဲမှာ ရပ်ရှ်ဖို့ဒ် နဲ့ လုခ်ရှော တို့ အချိတ်အဆက် လုပ်နိုင်ခဲ့သလို အဲ့ဒီ တွဲလုံးကနေ တော်မီနေးလ် ရဲ့ ပင်နယ်တီ ဖြစ်ခဲ့တာပါ။ ဒါပေမယ့် ကျစ်လစ်လွန်းနေတဲ့ ပဲလေ့စ်ခံစစ်တန်းထဲ အခုလို တွဲလုံးမျိုး ချိတ်ဆက်နိုင်ဖို့အတွက် အဓိက လမ်းကြောင်းရှာပေးနေခဲ့တာကတော့ ပေါ့ဘာ ပါပဲ။

ပရိသတ်တွေအနေနဲ့လည်း ပေါ့ဘာ ကို ထူးထူးခြားခြား ထောက်ခံတာတွေ လုပ်ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဝုဗ်နဲ့ ပွဲမှာတုန်းက ပင်နယ်တီလွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကစားသမားဟာ တွစ်တာမှာ အဆဲခံထားရတယ်။ (ပြောရရင် လူမျိုးရေးခွဲခြားခံရတာပါပဲ)။ အဲဒီတော့ ပွဲမစခင်ကတည်းက ယူနိုက်တက် ပရိသတ်တစ်ချို့ဟာ ပေါ့ဘာဖက်မှာ ရှိကြောင်း စုရုံးအားပေးခဲ့ကြတယ်။

အသက် ၅၅ နှစ်အရွယ် ပရိသတ်တစ်ဦးဖြစ်တဲ့ နမ်မီးယားအယ်ဆာဒါဝီ ကို အင်တာဗျူးခဲ့ရာမှာ “လူတိုင်း အမှားလုပ်နိုင်တာပဲလေ။ ပြီးတော့ သူ့မှာ လုပ်ပိုင်ခွင့်လည်း ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းအတွက် သူလုပ်ပေးခဲ့တာတွေလည်း အများကြီးပဲ မဟုတ်လား။ ကျွန်တော် ဒီနေ့ သူ့ကျောနံပတ် ဂျာစီ ကို ဝတ်ထားရတာ ခါတိုင်းထက် ပိုဂုဏ်ယူပါတယ်” လို့ ဖြေသွားတယ်။ ပွဲအတွင်းမှာလည်း “One Paul Pogba” ဆိုတဲ့ သီချင်းကို အော်ဟစ်သီဆိုခဲ့တာ တွေ့ရပါတယ်။

နောက်ထပ် ယူနိုက်တက် တစ်သက်တာ ပရိတ်သတ်တွေဖြစ်တဲ့ မာ့ခ်ဘန်းနက် နဲ့ ပေါလ်ဟော့ဆန် တို့ကို အင်တာဗျူးရာမှာလည်း “ပေါ့ဘာ ဆိုတာ ကျွန်တော်တို့ လက်ရှိရနိုင်တဲ့ အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ သူဟာ တန်ကြေးများတဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်နေတာကြောင့် မျှော်မှန်းထားတွေတော့ ရှိတာပေါ့။ သူ့ရဲ့ နာမည်၊ သူကစားပေးနေတဲ့အသင်း၊ ဒါတွေကြောင့် စံပေတံဆိုတာကြီးက ရှိနေဦးမှာပဲ။ ကျွန်တော်တို့အသင်းက လက်ရှိကမ္ဘာ့အကောင်းဆုံးအဆင့်မှာ ရှိမနေပေမယ့် လူပြောအများဆုံး အသင်းအဖြစ်တော့ ရပ်တည်နေနိုင်သေးတယ်။ ဒါကြောင့်ပဲ ပေါ့ဘာ ဟာ ဝေဖန်ခံနေရတာပါ။ သူ့ကို ဒီလို ဆက်ဆံလို့မရဘူး။ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ ကိုယ်အလိုအပ်ဆုံးလူကို ချန်ထားရစ်ခဲ့ဖို့ ကြိုးစားနေတာနဲ့ တူနေပါတယ်” လို့ သူတို့အမြင်တွေကို ပြောပြခဲ့ကြတယ်။

ပေါ့ဘာ ကိုယ်တိုင်ကလည်း ပင်နယ်တီလွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လူမျိုးရေးခွဲခြားခံရမှုကို ပြန်လည် တုန့်ပြန်ခဲ့တယ်။ အဖေဖြစ်သူ ဖက်ဆိုအန်တိုနီယို နဲ့ မာတင်လူသာကင်း တို့ရဲ့ ပန်းချီကားတွေရှေ့မှာ မတ်တပ်ရပ်ရင်း သားဖြစ်သူကို ချီထားတဲ့ပုံတစ်ပုံ ကို တွစ်တာမှာ တင်ခဲ့တာပါ။ အဲ့ဒီ tweet ရဲ့ စာသားမှာတော့ “လက်ရှိ ကျွန်တော်တို့ မျိုးဆက်မှာ လွတ်လပ်ခွင့်ရလာဖို့၊ ဘတ်စ်ကားစီးခွင့် ရလာဖို့၊ ဘောလုံးကစားခွင့် ရလာဖို့ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ၊ မိဘတွေအားလုံး ပေးဆပ်ခဲ့ကြရတယ်။ လူမျိုးရေးခွဲခြားခံရတာတွေကိုတော့ ဥပေက္ခာပြုထားပြီးသားပါ။ အဲ့ဒီစကားတွေက ကျွန်တော့်ကို ပိုပြီး သန်မာလာစေတယ်။ ပြီးတော့ နောက်လာမယ့် မျိုးဆက်အတွက်လည်း ဆက်လက်တိုက်ပွဲဝင်သွားဖို့ ခွန်အားတွေ ဖြစ်စေပါတယ်” လို့ ရေးသား ဖော်ပြခဲ့တယ်။

ပဲလေ့စ်ပွဲအကြောင်း ဆက်ပြောရရင် ပေါ့ဘာဟာ ပွဲအစ ၁၄ မိနစ်မှာ ရလာတဲ့ ကိုက် ၃၀ အကွာ ပြစ်ဒဏ်ဘောကို ရပ်ရှ်ဖို့ဒ်ကို ကန်ခိုင်းခဲ့တယ်။ နောက်ထပ် ၂၃ မိနစ်မှာလည်း ဧရိယာထိပ်နားက ပြစ်ဒဏ်ဘောကို ထပ်ကန်ခိုင်းပြန်တယ်။ နှစ်ကြိမ်တိုင် လွဲချော်အပြီးမှာတော့ တတိယမြောက် ကိုက် ၂၀ အကွာက ပြစ်ဒဏ်ဘောကို သူကိုယ်တိုင် ကန်သွင်းခဲ့ပေမယ့် ဂိုးတော့မဝင်ခဲ့ဘူး။

ဒါပေမယ့် တကယ်တမ်း ပွဲကန်တဲ့အခါ ပင်နယ်တီ ကန်ရမယ့်သူကတော့ တစ်ယောက်တည်းသာ ရှိပါတယ်။ ဒါကြောင့် ပဲလေ့စ်နဲ့ ပွဲမှာ ရခဲ့တဲ့ ပင်နယ်တီမှာ ဆိုရင် ပေါ့ဘာ ဟာ ဝင်ဆွေးနွေးတာမျိုးတောင် မလုပ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်သူကန်ရမယ်ဆိုတာကို ပွဲမစခင်ကတည်းက သတ်မှတ်ထားလို့ ဖြစ်တယ်။ ရပ်ရှ်ဖို့ဒ် ရဲ့ ကန်ချက် တိုင်ထိပြီး ထွက်သွားရခြင်းကတော့ ဖိအားဝင်နေလို့လား၊ ဒါမှမဟုတ် သိပ်ကို ဂရုတစိုက် ကန်ခဲ့လို့လား သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
ပွဲပြီးအချက်အလက်တွေကို ကြည့်ရင်လည်း ပေါ့ဘာဟာ ဘောလုံးထိချက်အများဆုံး ကစားသမား ဖြစ်ခဲ့တယ်။ အကြိမ်ရေကတော့ ၁၀၀ ပါ။ပြောရရင် သူဟာ တစ်ပွဲလုံးရဲ့ စီးကူးမှုအကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ်။ ပထမပိုင်း နဲ့ ဒုတိယပိုင်းမှာ ကစားဖော် ရပ်ရှ်ဖို့ဒ် နဲ့ ဝမ်းတူး ရိုက်တာတွေ ရှိခဲ့ပေမယ့် ပဲလေ့စ်ကစားသမားတွေ စုပြုံလူကပ်ထားတာကြောင့် အလုပ်မဖြစ်ခဲ့ဘူး။ ပွဲအစ ၈ မိနစ်လောက်မှာ Milivojevic, Kouyate, Ayew တို့ လူကပ်ထားတဲ့ ကြားကနေ မာရှယ်ဆီ ဘောလုံးအရောက် ပို့နိုင်ခဲ့တယ်။ နောက်ထပ် ၇ မိနစ်အကြာမှာလည်း Kouyate နဲ့ Ayew တို့ အတင်းဝင်ဖျက်တဲ့ ကြားက ဘောလုံးမပျက်စေဘဲ လင်ဂတ် ဆီ ပို့နိုင်ခဲ့ပြန်တယ်။ လင်ဂတ် ဆီ ရောက်မှ Foul ဖြစ်သွားတာပါ။

ပြီးတော့ သူဟာ ပွဲအတွင်း ခေါင်းတိုက်ဘော ငါးကြိမ် အနိုင်ရခဲ့သလို (ခံစစ်မှူး မက်ဂွဲယား ရဲ့ ၇ ကြိမ်ပြီးရင် အများဆုံး) ရှင်းထုတ်မှု နှစ်ကြိမ် (ပဲလေ့စ် ရဲ့ Kouyate က ၃ ကြိမ်) ရှိခဲ့တယ်။ ဒီအချက်အလက်တွေအရ ပေါ့ဘာ ကို စွမ်းဆောင်ရည် မရှိခဲ့ဘူး လို့ ပြောခဲ့ရင် ငြင်းရပါလိမ့်မယ်။

အချက်အလက်အကြောင်း ဆက်ပြောရရင် ပြီးခဲ့တဲ့ ရာသီတုန်းက ပေါ့ဘာ ဟာ ရှင်းထုတ်မှု အကြိမ် ၃၀ (ဗန်ဒိုက် က ၂၈ ကြိမ်)၊ အောင်မြင်စွာ လိမ်ခေါက်မှု အကြိမ် ၆၀ (မာနေး က ၅၁ ကြိမ်)၊ ဘောလုံးအသာရမှု ၂၁၈ ကြိမ် (ဖာနန်ဒင်ဟို က ၁၆၂ ကြိမ်)၊ ခေါင်းတိုက်မှု အကြိမ် ၁၂၀ (ဟယ်ရီကိန်း က ၁၁၇ ကြိမ်)၊ ဖန်တီးမှု ၅၅ ကြိမ် (ဆာနေး က အကြိမ် ၄၀)၊ ယှဉ်လုခြင်း အနိုင် ၂၃၄ ကြိမ် (ကန်တေ က ၁၄၆ ကြိမ်) … ဒီအချက်အလက်တွေအရ ပေါ့ဘာ ဟာ အားလုံးထက် နည်းနည်းစီ အသာရခဲ့တာကို တွေ့ရလိမ့်မယ်။ ဒါပေမယ့် အဓိက ထောက်ပြချင်တဲ့ အချက်က သူဟာ ကွင်းထဲမှာ ပုံစံမျိုးစံ လုပ်ပြနိုင်တယ် ဆိုတာပဲ။ ပြီးတော့ သူဟာ ယူနိုက်တက်ရဲ့ တောင်းဆိုချက်အလိုက် ကစားပေးနေရခြင်း ဖြစ်တယ်။ ကွင်းလယ်မှာ ဖန်တီးပေးနေရုံ၊ wold class talent တွေ ထုတ်ပြနေရုံတင် မဟုတ်ကြောင်း နားလည်ရမှာပါ။

၂၀၁၅ ခုနှစ်တုန်းက သူဟာ ဂျူဗင်တပ် နဲ့အတူ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ကစားခဲ့တယ်။ အဲ့ဒီတုန်းက သူ့ဘေးမှာ ပီယာလို၊ ဗီဒယ် တို့ ရှိခဲ့တယ်။ နောက်ပြီး ကမ္ဘာ့ဖလားကို ပြင်သစ်အတွက် ယူပေးခဲ့တုန်းကလည်း ကန်တေ လို ကစားသမားမျိုးနဲ့ တွဲဆော့ခဲ့ရတာ ဖြစ်တယ်။ ဝေဖန်တယ် ဆိုတာ ကောင်းတဲ့လက္ခဏာပါ။ ဒါပေမယ့် စည်းတစ်ခုတော့ ရှိနေသင့်တယ် မဟုတ်လား။ သူဟာ တစ်ပြိုင်နက်တည်း အရာအားလုံး လုပ်မပြနိုင်ကြောင်း သိထားသင့်တယ်။

ပြီးခဲ့တဲ့ နွေရာသီတုန်းက ယူနိုက်တက်ဟာ အဲရစ်ဆင်ကို ခေါ်ဖို့ ကြိုးစားခဲ့တယ်။ ရည်ရွယ်ချက်က ပေါ့ဘာ ကို နည်းစနစ်ပိုင်းအရ ပံ့ပိုးပေးနိုင်ဖို့ပဲ။ ဒီအပြောင်းအရွှေ့ဟာ တကယ်ဖြစ်လာတော့မလို ထင်ခဲ့ရပေမယ့် အဲရစ်ဆင် ကိုယ်တိုင်ကတော့ ရီးရဲလ်မက်ဒရစ် ကို စောင့်ဆိုင်းခဲ့ပြီး ယူနိုက်တက်ကို ငြင်းခဲ့တာကြောင့် ပျက်ပြယ်သွားတယ်။ ဒါဟာ အသင်းဘက်က အမှားတစ်ခုဖြစ်သလို လာမယ့် ဇန်နဝါရီလောက်မှာ လူပြောများလာဦးမယ့် အကြောင်းအရာတစ်ရပ်လည်း ဖြစ်လာနိုင်ခြေ ရှိပါတယ်။

နောက်ထပ် စဉ်းစားရမယ့်အချက်တွေထဲမှာ သူ့ရဲ့ အနာဂတ်ကိစ္စလည်း ပါနေသေးတယ်။ လက်ရှိမှာ အသင်းနဲ့ ၁၈ လတာ စာချုပ်သက်တမ်း ရှိနေပေမယ့် သက်တမ်းမတိုးနိုင်သေးဘူး။ အသင်းဘက်က ပေါ့ဘာ ရဲ့ တန်ကြေးကို ပေါင်သန်း ၁၅၀ သတ်မှတ်ပြီး ရီးရဲလ်မက်ဒရစ် ရဲ့ ရန်ကို အတန်အသင့် ကာကွယ်ပေးထားတယ်။ ဘာကြောင့်လဲဆိုတော့ ရီးရဲလ်မှာက အဲ့ဒီလောက် ဖန်ငွေရှိမနေသေးလို့ပဲ။

စိတ်ပျက်ဖွယ်ရာ စနေနေ့ညချမ်းတွေကို ယူနိုက်တက်အနေနဲ့ အဖြေရှာ ပြောင်းလဲသွားနိုင်မလား ဆိုတာကတော့ ကျွန်တော်တို့တွေ ဆက်လက် စောင့်ကြည့်ရဦးမှာပါ။

Ref: The Athletic

Leave a Reply

Your email address will not be published. Required fields are marked *